ညအိပ်မပျော်တဲ့ရောဂါ ရအောင် ဘယ်အရာတွေက တွန်းပို့နေသလဲ
Insomnia လို့ခေါ်တဲ့ အဖြစ်များတဲ့ အိပ်စက်မှုဆိုင်ရာရောဂါဟာ ညဘက်တွေမှာ ကောင်းစွာအိပ်မပျော်နိုင်ခြင်း၊ မလိုအပ်ဘဲ မနက်တွေမှာ အစောကြီး ထစေခြင်း၊ သန်းခေါင်ယံမှာ ရုတ်တရက်လန့်နိုးတတ်ပြီး ပြန်အိပ်ပျော်ဖို့ ခဲယဉ်းတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူခြင်းဟာ လူသားတွေ ကျန်းမာပျော်ရွှင်စေဖို့နဲ့ တစ်နေ့တာအတွက် လုပ်ငန်းဆောင်တာတွေကို အားအင်အပြည့်နဲ့ ဆောင်ရွက်နိုင်စေဖို့ အဓိကကူညီပေးပါတယ်။ ဒီတော့ Insomnia ကြောင့် နေ့စဉ်ရက်ဆက် အိပ်ရေးပျက်နေတဲ့အခါ ကျန်းမာရေးထိခိုက်ပြီး ကိုယ့်ရဲ့လူနေမှုဘဝကိုပါ ဆုတ်ယုတ်စေမှာ အသေအချာပါပဲ။
ဒါဆို ဘယ်အချက်တွေက ညအိပ်မပျော်တဲ့ရောဂါကို ဖြစ်စေတာလဲ။
- ကိုယ့်ရဲ့ လူနေမှုဘဝမှာ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ညစ်စရာကိစ္စတွေ
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ညအိပ်ချိန်ကို ထိခိုက်စေခြင်း
- ပုံမှန်ညအိပ်ချိန် အတိအကျမရှိဘဲ အိပ်ချင်သလို အိပ်တတ်ခြင်း
- ညဘက်၊ အထူးသဖြင့် အိပ်ကာနီးမှာ အစာတွေ အများအပြားစားတတ်ခြင်း
- စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရခြင်း
- စိတ်ကျရောဂါဖြစ်နေခြင်း
- ရောဂါအတွက် ဆေးပြင်းများ သောက်နေရခြင်း
- မတော်တဆမှုတစ်ခုခုကြောင့် စိတ်ဒဏ်ရာ ကျန်နေခဲ့ခြင်း
- အလုပ်အရမ်းများလွန်းပြီး အိပ်တဲ့အချိန်ထိပါ ဒီအကြောင်းတွေကို မကြာခဏတွေးပူတတ်ခြင်း
- ကင်ဆာရောဂါ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ပန်းနာရင်ကျပ်၊ စားချင့်ရည်ပြန်ကန်တက်တဲ့ ရောဂါများ၊ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါများ ရှိနေခြင်း
- ကဖင်းဓာတ်ပါတဲ့ အအေး၊ စားစရာတွေကို အလွန်အကျွံစားသောက်ခြင်း
- ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
- ငယ်ရွယ်စဉ်မှာ ညမအိပ်ဘဲ ညလုံးပေါက်နေတတ်ခြင်း စတဲ့ အမူအကျင့်တွေ၊ ဖြစ်ရပ်တွေကြောင့် ညအိပ်မပျော်တဲ့ ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
ညအိပ်မပျော်တဲ့ရောဂါဟာ ကိုယ့်ရဲ့ လူနေမှုဘဝနဲ့ ကျန်းမာရေးကို သိသိသာသာ ဆုတ်ယုတ်ထိခိုက်စေတာကြောင့် ကိုယ့်မှာ ဒီပြဿနာရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။
ရဲမျိုးမြတ်